ကက က္က

Myanmar's net

သက်ငယ်မုဒိမ်းမှုကိစ္စ ဆွေးနွေးဖို့ မသင့်ကြောင်းဆုံးဖြတ်

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိချမှတ်နိုင်ဖို့အတွက် ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ တင်သွင်းတဲ့ ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ မညီလို့ဆိုပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဖို့ မသင့်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိ ရာဇသတ်ကြီး ဥပဒေမှာ ကလေးသူငယ်တွေအပေါ် မုဒိမ်းမှုကျူးလွန်တဲ့သူတွေအတွက် ပြဌာန်းထားတဲ့ ပြစ် ဒဏ်တွေဟာ  လုံလောက်မှု မရှိတဲ့အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့လိုအပ်တဲ့အတွက် တင်သွင်းခဲဲ့ တာဖြစ်တယ်လို့ အဆိုရှင် ဒေါ်ခင်စောဝေ က ပြောပါတယ်။

"ပြစ်ဒဏ်များဟာ တည်ဆဲဥပဒေမှာ ပြဌာန်းထားတဲ့ သာမန်ပြစ်ဒဏ်များဖြင့် လုံလောက်မှုမရှိတော့ပါဘူး"

ဒေါ်ခင်စောဝေ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ရင် တစ်သက်တစ်ကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ဖို့နဲ့ လူနှစ်ဦးနဲ့အထက် အုပ်စုဖွဲ့ပြီး မုဒိမ်းမှုကျူးလွန်ရင် သေဒဏ် ချမှတ်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

၁၈၆၁ ခုနှစ်က ပြဌာန်းခဲ့တဲ့ လက်ရှိ ရာဇသတ်ကြီးဥပဒေမှာပါတဲ့ ပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုကျူးလွန်သူကို တစ်သက် တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် လို့ ဖော်ပြထားပြီး သက်ငယ်မုဒိမ်းမှုတွေအတွက် သီးသန့်ပြဌာန်းထားတာ မပါဝင်ပါဘူး။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက မူရင်းရာဇသတ်ကြီးဥပဒေဟာ အင်္ဂလိပ်ဘာသာ နဲ့ ပြဌာန်းထားတာဖြစ်ပြီး ဒေါ်ခင်စောဝေ ပြင်ဆင်ဖို့ တင်သွင်းတဲ့ဥပဒေကြမ်းမှာ မြန်မာဘာသာစကားနဲ့ ရေး သားဖော်ပြထားတဲ့အတွက် သင့်လျော်ခြင်းရှိ မရှိ စဉ်းစားဖို့လိိုအပ်ကြောင်း  ပြောပါတယ်။

အဲဒီအချက်ကြောင့် ဥပဒေပြင်ဆင်ရေး နည်းလမ်းမမှန်ဘူးဆိုပြီး အဆိုကုုိ လွှတ်တော်မှာ ဆက်လက်ဆွေးနွေးခြင်း မပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ တတ်သိနားလည်တဲ့ ပညာရှင်တွေ နဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ချက်အဆိုကို အင်္ဂလိပ်လို ပြန်လည်တင်သွင်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/child-rape-bill-02022017063303.html

 

 

နောက်ဆုံးရ သတင်းများ

Google+