ကက က္က

Myanmar's net

ချင်းနဲ့ ရခိုင်ပြည်နယ်မှာ လူမျိုး အလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပသေး

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC မှာ ဆုံးဖြတ်လိုက်ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ ကျင်းပမယ့် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခွင့် ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလိုပြောပါတယ်။

"အကြောင်းပြချက် မယ်မယ်ရရမရှိတာတော့ မဟုတ်ဘူး၊ ဒီလိုဆွေးနွေးညှိနှိုင်းပြီးမှပဲ၊ ကျနော်တို့ မလုပ်နဲ့လို့ မပြောဘူး၊ လုပ်တာတော့ အကုန်လုံးလုပ်ရမှာပဲ၊ အနှေးနဲ့အမြန်ပေါ့နော် အဲဒါလေးတော့ရှိပါတယ်"

ချင်းအမျိုးသားတပ်ဦး CNFနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ဟာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့တွေဖြစ်ပြီး ကျန်တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနေ ကြပြီဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင် လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ တိုင်းရင်းသားများအရေး၊ ဘာသာရေးနဲ့ လူမှုရေးအရ မတူကွဲပြားတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ဖို့ လိုအပ်ကြောင်း အစည်းအဝေး တက်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံသူ နိုင်ငံသားအားလုံး စိတ်လုံခြုံမှုရှိစေဖို့၊ တိုင်းပြည်တည်ငြိမ်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်ကြောင်းနဲ့ ဆွေးနွေးပွဲတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးပေးကြဖို့လည်း ပြောခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့နဲ့ အဲဒီညီလာခံကို ကိုယ်စားလှယ် အယောက် ၇၀၀ ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

UPDJC အစည်းအဝေးကို ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့က ၁၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၁၂ ဦးနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ၁၆ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက် ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပေမယ့် အဓိကကျတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ၀ တပ်ဖွဲ့၊ ကေအိုင်အေ၊ မိုင်းလား၊ MNDAA ၊ AAနဲ့ TNLA အဖွဲ့တွေ ကျန်နေပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/updjc-dassk-02062017071933.html

 

 

နောက်ဆုံးရ သတင်းများ

Google+