ကက က္က

Myanmar's net

တောင်သူတွေရဲ့ သပိတ်စခန်း ကို ပြန်လည်ရုပ်သိမ်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာမှာ သိမ်းဆည်းခံရတဲ့မြေတွေမှာ Delicious Food ကုမ္ပဏီက ဝင်ရောက်ပြီး ကြံစိုက်နေတာတွေကို ရပ်တန့်ပေးမယ်လို့ ကတိပေးတာ ကြောင့် မြေသိမ်းခံတောင်သူ ၂၀ နီးပါးရဲ့ သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

ခရိုင်အုပ်ချုပ်မှူးက သပိတ်စခန်းဖွင့်ထားတဲ့ တောင်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို မနေ့ညနေက ခေါ်တွေ့ပြီး အဲဒီမြေတွေကို စားကျက်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဘယ်သူမှ ဝင်ရောက် မကျုးကျော်ဖို့ ပြောခဲ့တယ်လို့ တောင်သူ ဦးမျိုးနိုင် က ပြောပါတယ်။

" မနေ့တုန်းက ခရိုင်အဆင့်ကနေ ကျွန်တော်တို့ကို လှမ်းခေါ်ပါတယ်။ ကုမ္ပဏီကိုလည်း လှမ်းခေါ် ပါတယ်။ ဒီနေရာဟာ စားကျက်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဘယ်သူကမှ မကျုးကျော်ဖို့ သဘောတူပါသလားမေးတော့ ကျနော်တို့က သဘောတူလိုက်ပါတယ်။ ကုမ္ပဏီဘက် ကတော့ သိပ်ပြီးတော့မကျေနပ်ဘူး။ မြို့နယ်ကနေပြီး သတ်မှတ်ထားတာတဲ့။ ၂ လပိုင်းလောက်က သတ်မှတ် ထားတာတဲ့။ စိုက်ခင်းတွေရှိတယ်။ အဲ့စိုက်ခင်းတွေကို ရိတ်သိမ်းခြင်း ၊ ထွန်ယက်ခြင်း၊ ခုတ်ထွင် ရှင်းလင်းခြင်း ဘာမှမဝင်ဘာနဲ့ ကျနော်တို့လည်း မဝင်ဘူး သူတို့လည်း မဝင်ပါနဲ့ ဆိုပြီး နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး ပြန်လာတယ်။"

တောင်သူ ၂၀ နီးပါးနဲ့ Delicious Food ကုမ္ပဏီတို့အကြား အနောက်လက္ခုပ္ပင်ကျေးရွာက မြေဧက ၃၉ ဧကနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေတာကြောင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စားကျက်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီမြေတွေမှာ မတ်လ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကုမ္ပဏီဖက်က ကြံတွေ ဝင်ရောက်စိုက်ပျိုးတဲ့အတွက် မြေသိမ်းခံတောင်သူတွေက သပိတ်စခန်းဖွင့်ပြီး မတ်လ ၁ရရက်နေ့ကစပြီး သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီသိမ်းဆည်းခံမြေတွေကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့၊ သိမ်းဆည်းခံမြေပေါ်မှာ သကြားစက်ရုံက ဝင်ရောက်ထွန်ယက်တာကြောင့် သကြားစက်ရုံကို ထိရောက်စွာ တရားစွဲဆိုပေးဖို့ တောင်သူတွေက မနေ့က တောင်းဆိုခဲ့ကြပါတယ်။

ဒေသခံတွေက တောရိုင်းမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင်လာရာကနေ ၁၉၉၆ ခုနှစ်မှာ တပ်မတော်ကသိမ်းယူခဲ့ပြီး သကြားစက်အတွက် မြေနေရာ ချထားပေးခဲ့တာလို့ သိရပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/bago-farmers-protest-03192017084203.html

 

 

နောက်ဆုံးရ သတင်းများ

Google+