ကက က္က

Myanmar's net

TNLA က ဒေသခံ ၉၀ ကျော်ကို ဖမ်းဆီးမှု အရပ်ဖက်အဖွဲ့တွေ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်နယ် မန်တုံနဲ့ နမ္မတူမြို့နယ်တွေက ရှမ်းတိုင်းရင်း သားဒေသခံ အယောက် ၉၀ ကျော်ကို ဖမ်းဆီခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှမ်းလူထု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တအာင်း/ပလောင် တိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကြားက သဘောထား တင်းမာမှုတွေ ကို လျှော့ချပေးနိုင်အောင် လုုပ်ဆောင်ကြဖို့ ဒီလိုထုတ်ပြန် ရတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ရာမှာ ပါဝင်တဲ့ ကော်တိုင်းအဖွဲ့ဝင် စိုင်းလျှမ်းခမ်းက ပြောပါတယ်။

"ထုတ်ပြန်ချက် ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုအနေနဲ့ စစ်ဒဏ်ကြားထဲမှာ မပိတ်မိစေဖို့ပေါ့နော်။ အဲဒါကို ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတိထားပေးစေချင်တဲ့ ဟာလေး ရှိပါတယ်။ နောက်တစ်ခုကကျတော့ ဒီရှမ်းနဲ့ တအာင်းကြားထဲမှာ ရှိတဲ့ တင်းမာမှုတွေ ပိုပြီးတော့ ရှိမလာအောင်၊ အဲဒီ တင်းမာမှုတွေ လျော့သွားအောင် အဖက်ဖက်က ကူညီနိုင်အောင်လည်း ကျနော်တို့ သိစေချင်လို့ပေါ့နော် ကျနော်တို့ အဲဒီလို Statement (ကြေညာချက်) ထုတ်တာဖြစ်ပါတယ်။"

အစိုးရဘက်က နမ္မတူနဲ့ မန်တုံမြို့တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို နှုတ်ဆိတ်နေတာမျိုး မလုပ်ဘဲ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူပေးဖို့ လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မတ်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒေသခံ အယောက် ၉၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရှမ်းလက်နက်ကိုင်တပ်တွေနဲ့ ပတ်သက် ဆက်နွယ်မှု ရှိမရှိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်သူ နှစ်ယောက်ဟာ TNLA ရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရပြီး ၃ ယောက်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ စိုင်းလျှမ်းခမ်း က ပြောပါတယ်။

ကျန်တဲ့သူတွေကိုတော့ မတ်လ ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/tnla-statement-03192017083759.html

 

 

နောက်ဆုံးရ သတင်းများ

Google+