ကက က္က

Myanmar's net

ရွှေတူးဖော်တဲ့ ဒေသခံ တစ်ဦး သေနတ်ကျည် ထိမှန် သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အောင်ခလိန်ကျေးရွာက ရွှေထွက်ရှိတဲ့နေရာမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတစ်ဦးရဲ့သေနတ်ကျည် ထိမှန်ပြီး ဒေသခံတစ်ဦး မနေ့က သေဆုံးသွားတဲ့အတွက် ရွှေကျင်မြို့မ ရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

သေဆုံးသွားသူရဲ့ အစ်ကိုဖြစ်သူက ပုဒ်မ ၃၀၂ နဲ့ လာရောက်အမှုဖွင့်ထားပြီး တပ်မတော်ရဲ့စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီဆောင်ရွက်သွား ရမှာ ဖြစ်တယ်လို့ ရွှေကျင်မြို့နယ် ရဲစခန်းမှူး ဦးသန်းထွန်း က ပြောပါတယ်။

" ကျနော်တို့ ရဲစခန်းကိုတော့ သေဆုံးတဲ့သူရဲ့အစ်ကိုကနေလာပြီးတော့ အမှုဖွင့်ထားပါတယ်၊ ရွှေလုပ်ငန်း သွားလုပ်နေတဲ့ သူ့ညီကို စစ်သားတစ်ယောက် ကနေပြီးတော့ သေနတ်နဲ့ပစ်တယ်ဆိုတဲ့ သတင်းပေါ့နော်၊ သူကလည်း တစ်ဆင့်ကြားတာ၊ ကိုယ်တိုင်မြင်တာမဟုတ်ဘူး၊ အဲလိုလာတိုင် ထားပါတယ်၊ ကျနော်တို့ကတော့ လူသတ်တယ်ဆိုတော့ ၃၀၂ နဲ့ပဲ ဖွင့်တာပေါ့၊ ဟိုဘက်က တပ်မတော်စစ်သားဆိုတော့ တပ်စည်းကမ်းတွေ ဘာတွေရှိတယ်လေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ပဲ လုပ်ရမှာလေ။ "

သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားချိန်မှာ အခင်းဖြစ်နေရာမှာ ရောက်ရှိနေတဲ့ ဂန့်ဂေါ်ဝိုင်းရပ်ကွက်က ဒေသခံကိုစိုးထွန်း က အခုလိုပြောပါတယ်။

" သူတို့က ဝင်တူးရမယ့်အလှည့်၊ ကျနော်တို့က တူးပြီးထွက်လာခဲ့တဲ့အလှည့်၊ အလှည့်ကျတော့ ဝင်သွားတာ၊ ဝင်သွားတဲ့အခါကျတော့ မလိုအပ်သေးတော့ ပြန်မောင်းထုတ်တော့ သံတူရွင်းလေးကျသွားတာ၊ ကျသွားတော့ အဲသံတူရွင်းသွားယူတဲ့အချိန်မှာ အဲဒီက KNU စစ်သားလေးက နည်းနည်း သူ့ကို ဟောက်လိုက်တဲ့အချိန်မှာ သူက လှန်ကြည့်လိုက်မိတော့ သူ့ကိုမိုက်ကြည့်တယ်အောက်မေ့ပြီး သူ့ကို ဟန့်တားတဲ့ပုံစံမျိုးနဲ့ ၀ါးလုံးနဲ့ရိုက် လိုက်တဲ့အချိန်မှာ အဲ့ဒီ ၅၈၉ က စစ်သား မင်းမင်းက ကျည်တစ်လုံးထိုးပြီးတော့ ဖယ်စမ်း..ဖယ်စမ်း...ဆိုပြီးတော့ တစ်ခါတည်းသွားပြီးတော့ လူနဲ့ ၂ ပေလောက်ပဲကွာမယ်၊ ကပ်ပြီးပစ်လိုက်တာ"

အဲဒီနေရာမှာ အနီးအနားပတ်ဝန်းကျင်ဒေသတွေက လာရောက်ရွှေတူးဖော်သူ ၁ ထောင်ကျော်ရှိနေပြီး တစ်ဖွဲ့ကို ၂ နာရီစီ အလှည့်ကျ တူးခွင့်ပေးထား တာဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ရပ်ကွက်/ကျေးရွာ ၂၀ ကျော်က လူဦးရေ ၁၀၀ နီးပါး ပါဝင်ပါတယ်။

လက်ရှိ အဲဒီဒေသကို KNU တပ်မဟာ ၃ နဲ့ တပ်မတော် ခလရ ၅၈၉ တို့က ဒေသခံတွေ အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှာ စိုးရိမ်တာကြောင့် လုံခြုံရေးယူပေးထား တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က အဲဒီနေရာတစ်ဝိုက်မှာ ဒေသခံတွေ သွားလာရင်း ရွှေကြော စတင် တွေ့ရှိပြီး တဖြည်းဖြည်းနဲ့ ရွှေကျင်သူတွေ များပြားလာတာ ဖြစ်ပါတယ်။

အဲဒီဒေသဟာ KNU ထိန်းချုပ်နယ်မြေအတွင်းမှာရှိတာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သူတို့ စီမံခန့်ခွဲလို့ ရအောင် ညွှန်ကြားပေးဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြထားတာလည်း ဖြစ်ပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/gun-shot-gold-mine-worker-03192017071610.html

 

 

နောက်ဆုံးရ သတင်းများ

Google+