ကက က္က

Myanmar's net

ကြားဖြတ်ရွေးကောက်ပွဲနေ့ တိုက်ပွဲဖြစ်ပွားရာနေရာက ဆန္ဒမဲတွေကို ထည့်သွင်းမည် မဟုတ်

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုတချို့မှာ ကြားဖြတ်ရွေးကောက် ပွဲနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရင် ဖြစ်ပွားရာနေရာက မဲရုံမှာရှိတဲ့ ဆန္ဒမဲအရေအတွက်ကို ထည့်သွင်းရေတွက်မှာ မဟုတ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ညွှန်ကြားထားပါတယ်။

ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက စိုးမိုးတာမျိုး၊ ဖိအားပေးတာမျိုးတွေ ရှိလာရင်လည်း အဲဒီမဲရုံက မဲတွေကိုပယ်ဖျက်မှာဖြစ်တယ်လို့ မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဝင်းက ပြောပါတယ်။

"ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်စုံတစ်ခုက စိုးမိုးတာမျိုး၊ ဖိအားပေး တာမျိုး ဖြစ်ပေါ်လာရင်တော့ အသက်အန္တရာယ်မထိခိုက်ဘူးဆိုရင် အိန္ဒြေရရပဲ လုပ်သွားပြီးတော့ တကယ် လို့ အဲလို လွှမ်းမိုးမှု တစုံတစ်ရာပါတယ်ဆိုရင်တော့ ကျွန်နော်တို့က အဲဒီမဲတွေကို ရေတွက်ခြင်းမပြုဘဲနဲ့ ပယ်ဖျက်မှာပါ၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌကြီးကလည်း ဒီအတိုင်းပဲလမ်းညွှန် ထားတယ်"

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေအားလုံးကို ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ရှမ်းပြည်နယ် ရွေးကောက် ပွဲကော်မရှင်က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

မိုင်းရှူးမြို့နယ်မှာ ရပ်/ကျေး အုပ်စုပေါင်း ၂၄ အုပ်စုနဲ့ မဲရုံ ၄၄ ရုံရှိပြီး ၁၃ အုပ်စုက မဲရုံ ၂၅ ရုံကို တပ်မတော်၊ ရဲတပ်ဖွဲ့လုံခြုံရေးတွေနဲ့ ပုံမှန်အတိုင်းကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ကျန်တဲ့ ၁၁ အုပ်စုက မဲရုံ ၁၉ ရုံကိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတဲ့အတွက် ပဋိပက္ခဖြစ် ပြီး ရွေးကောက်ပွဲပျက်မှာကို စိုးရိမ်တာကြောင့် ရဲနဲ့တပ်လုံခြုံရေးတွေ မပါဘဲ သက်ဆိုင်ရာ ရပ်/ကျေးကော် မရှင်တွေ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ စေ့စပ် ညှိနှိုင်းရေးအဖွဲ့တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့သာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်း လစ်လပ်နေတဲ့ မြို့နယ် ၄ ခုမှာ နိုင်ငံရေးပါတီ ၈ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/by-election-03182017080033.html

 

 

နောက်ဆုံးရ သတင်းများ

Google+