Articles

အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်...

အာဏာဝင်သိမ်းမည် မဟုတ်ဟု ထိုင်းစစ်တပ် အသိပေး၊ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးရန် ယင်းလပ်စီစဉ်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၅

ထိုင်းနိုင်ငံတွင် ပါလီမန် ဖျက်သိမ်းမှုနှင့် ရွေးကောက်ပွဲ သစ်တစ်ရပ် ကျင်းပရန် ကြေညာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့် နိုင်ငံရေး အကျပ်အတည်းတွင် အတိုက်အခံ အင်အားစုများဘက်မှ ဝင်ရောက် ရပ်တည်ကာ ကြားဝင် ဆောင်ရွက်ပေးမည် မဟုတ်ဟု စစ်တပ်က ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းစဉ် တစ်ရပ်ကို ကျင်းပပြုလုပ်ရန် စီစဉ်လိုက်ကြောင်း ထိုင်းပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြကြသည်။

ရက်သတ္တပတ် အတော်အတန် ကြာမြင့်ခဲ့သည့် ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲကြီးတွင် မိမိတို့ဘက်မှ ရပ်တည်ပေးရန် ထိုင်းစစ်တပ်ကို အတိုက်အခံတို့က အဆိုပြုခဲ့မှုအပေါ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပါကွန်းက ငြင်းဆိုလိုက်ပြီးနောက် ဝန်ကြီးချုပ် ယင်းလပ်က အထက်ပါအတိုင်း ပြုပြင်ပြောင်းလဲရေး ဒိုင်ယာလော့ခ် ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

လက်ရှိ အနေအထားတွင် အတိုက်အခံတို့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အိမ်စောင့်အစိုးရကို လက်မခံဘဲ ၎င်းတို့ အလိုရှိသည့် ပြည်သူ့ကောင်စီက တိုက်ရိုက် ခန့်အပ်သော အုပ်ချုပ်ရေး အဖွဲ့တစ်ရပ်ကို တင်မြှောက်ရန်သာ တောင်းဆိုထားသည်။

ဤသို့သော အနေအထားတွင် ထိုင်းစစ်တပ် အနေနှင့် နိုင်ငံရေးအရ ကြားဝင် ဆောင်ရွက်ပေးပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချပေးရန် အတိုက်အခံ ခေါင်းဆောင် ဆူတက်တာဆူဘန်က အဆိုပြုခဲ့သော်လည်း စစ်တပ်ဘက်က ငြင်းဆန်ခဲ့သည်။

ဆူတက်တာဆူဘန်က စစ်တပ် ကြားဝင်ပေးရန်သာ တောင်းဆိုခဲ့သော်လည်း စစ်အာဏာသိမ်းမှု ပြုလုပ်ပေးရန် အဆိုပြုခဲ့ခြင်း မရှိဟု ပြောကြားသည်။

သို့သော် အခြားသော သတင်းများအရ “တကယ်လို့ ခင်ဗျားတို့သာ အာဏာသိမ်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ပြည်သူတွေက ခင်ဗျားတို့ကို သူရဲကောင်းလို့ ရှုမြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့လည်း ပြဿနာကြီး ကို ဖြေရှင်းနိုင်မယ်” ဟု ဆူတက်တာဆူဘန်က ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းကို ပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံရေး ပဋိပက္ခတွင် နှစ်ဖက်စလုံးက အစစအရာရာ ရေရှည်ခံမည့် အဖြေထုတ်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားရန် လိုအပ်ကြောင်း၊ သို့အတွက်ကြောင့် စေ့စပ် ညှိနှိုင်းမှုသည်သာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်ပရာတီမာပရာကွန်းက အတိုက်အခံ အင်အားစုများကို အသိပေး ပြောဆိုသည်။

ထို့ပြင် ဒီမိုကရေစီ ရွေးကောက်ပွဲကို တရားဥပဒေနှင့်အညီ ကျင်းပပြီး ပွင့်လင်း မြင်သာမှုလည်း ရှိစေလိုကြောင်း ဗိုလ်ချုပ်ကြီး တာနာဆတ်က ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် ထိုင်းစစ်တပ်သည် သြဇာအာဏာ ကြီးမားသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်အဖြစ် ရှုမြင်ခံထားရပြီး နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်တိုင်း ဝင်ရောက် ဖြေရှင်းလေ့ရှိသည်။

လက်ရှိ အနေအထားတွင် ဝန်ကြီးချုပ် ယင်းလပ်သည် နိုင်ငံရေး ဖိအားပေးမှုများမှ လွတ်မြောက်သွားသည့် အခြေအနေတွင် ရှိပြီး ထိုင်း လူ့အဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေး ရန်လည်း ပြင်ဆင်လျက်ရှိသည်။

Authors: source: The Voice

Read more http://www.facebook.com/photo.php?fbid=678411295512466&set=a.164790403541227.32157.158797964140471&type=1

 

 


page views
in Myanmar language so far.
  • ဆေးပို့ပေးမည့်ယာဉ်

     

    လူနာရှိရာသို့ ဆေးပစ္စည်းများကို အမြန်ဆုံး ပေးပို့နိုင်စေမည့် လူမပါသည့် ရဏဟတ်ယာဉ်ငယ်များကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုမြို့တွင် စမ်းသပ် နေသည်ဟု သိရသည်။

  • နံနက်စာ စားဖြစ်အောင် စားပါ။

     

    များသောအားဖြင့် လူတိုင်း တစ်နေ့ အစာ ၃ နပ် စားသည့်အနက်၊ နံနက်စာသည် လူတိုင်းအတွက် အရေးအကြီးဆုံး ဖြစ်သည်ကို သိထားသင့်ပါသည်။ မည်မျှ အရေးကြီးသည် အချိန်မရှိသည်ဖြစ်စေ စားဖြစ်အောင် စားသင့်သည်ဟု ဆရာဝန်များက ဆိုသည်။